နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေကြေညာထားတဲ့ ကာလကို နောက်ထပ် ၆လ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း နေပြည်တော်မှာ ဒီနေ့ ကျင်းပတဲ့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၁/၂၀၂၄) အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အစည်းအဝေးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံကို တည်ငြိမ်အေးချမ်းတဲ့ပုံမှန်အနေအထား၊ သာမာန်အနေအထားကို ရောက်အောင်ဆက်လက်ဆောင်ရွက်ဖို့လိုအပ်တဲ့အတွက်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ သာမာန်အခြေအနေ မဟုတ်တာကြောင့် လိုအပ်ချက်နဲ့ လုပ်ဆောင်ရမယ့်အချက်တွေကို အရှိန်အဟုန်မပျက်ဆက်လက်လုပ်ဆောင်ဖို့ အရေးပေါ်အခြေအနေကြေညာထားတဲ့ကာလကို နောက်ထပ် ၆လ သက်တမ်းတိုးမြှင့်ပေးဖို့ တင်ပြခဲ့ပါတယ်။
တင်ပြချက်ကိုအစည်းအဝေးတက်ရောက်လာသူတွေကထောက်ခံဆွေးနွေးပြီးနောက် ယာယီသမ္မတဦးမြင့်ဆွေက လက်ရှိနိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေ၊ ဆက်လက်ဆောင်ရွက်ဖို့နဲ့ သာမာန်မဟုတ်တဲ့ အခြေအနေ ဖြစ်တဲ့ အတွက် တာဝန်ထမ်းဆောင်မှုကို အမျိူသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်အရ အခုလို တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာခဲ့တာလို့ ထုတ်ပြန်ချက်အရသိရပါတယ်။