ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လက်ရှိ စာရင်းဇယားတွေအရ မြို့နယ်ပေါင်း (၂၆၇)မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ လျာထားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဖြေကြားထားပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အရင်ကျင့်သုံးခဲ့တဲ့ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)နဲ့ အချိုးကျ ကိုယ်စားပြုစနစ်(PR) နှစ်မျိုးလုံး အသုံးပြု ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲကိုတော့ နယ်မြေဒေသ အခြေအနေအရ ကန့်သတ်ချက်ရှိတဲ့ နယ်မြေတွေက လွဲပြီး တိုင်းဒေသကြီး နဲ့ ပြည်နယ်အားလုံးမှာ ဦးစားပေး အစီအစဉ်အတိုင်း အပိုင်းခွဲပြီး ကျင်းပဖို့ လျာထားတယ်လို့ ဖြေကြားချက်မှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပဖို့ လျာထားပြီး အပိုင်းအလိုက် ရွေးကောက်ပွဲကျင်းပမယ့် ရက်တွေကို သတ်မှတ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲကျင်းပမယ့်ရက် ထုတ်ပြန်ကြေညာပြီးတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ နယ်မြေဒေသလုံခြုံရေး အခြေ အနေအရ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ မြို့နယ်တွေမှာ ဆောင်ရွက်သွားမှာဖြစ်ပြီး မကျင်းပနိုင်တဲ့ နယ်မြေတွေ ကိုလည်း ထုတ်ပြန်ကြေညာပေးမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေအတွက် မဲထည့်ရမယ့် စနစ်ကလည်း(FPTP)နဲ့ (PR) နှစ်မျိုးလုံး အသုံးပြု ဆောင်ရွက်မှာဖြစ်လို့ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းထုတ်ပြန်ပြီးရင် အသေးစိတ်သိရမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ မြန်မာအီလက်ထရောနစ် မဲပေးစက်နဲ့ မဲပေးရမှာဖြစ်ပြီး မိုက်ထရို ကွန်ထရိုလာစနစ် ဖြစ်တဲ့ အတွက် အလွန်ရိုးရှင်းပြီး လုံခြုံစိတ်ချရတဲ့ စနစ်ပါတယ်လို့လည်း ဖြေကြားချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ပြောင်းလဲကျင့်သုံးမယ့် ရွေးကောက်ပွဲစနစ်နဲ့ ကိုက်ညီတဲ့ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်နေပြီး ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ်တွေအလိုက် သတ်မှတ် လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်နိုင်မှာ ဖြစ်တယ်လို့လည်း ဖြေကြားထားပါတယ်။