အိန္ဒိယနိုင်ငံမှာရှိတဲ့ နိုင်ငံရေးသမားတချို့အနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က လွှတ်တော်အမတ် ဗန်လားလ်ဗီနာဟာ အိန္ဒိယနဲ့ နယ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံ အနောက်မြောက်ဘက် ဒေသတွေကို သွားရောက်ခဲ့ပြီး CNF၊ CNA၊ ချင်းPDFအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အိန္ဒိယမီဒီယာThe Hinduမှာ ဖော်ပြခဲ့တဲ့ကိစ္စ၊ ပြီးခဲ့တဲ့ တနင်္လာနေ့က အိန္ဒိယအထက်လွှတ်တော်အစည်းအဝေးမှာ တမူး-ကဘော်ဒေသကို သမိုင်းကြောင်းအရ အိန္ဒိယကပိုင်ဆိုင်ခဲ့ကြောင်း မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ်တစ်ယောက်ကပြောဆိုခဲ့တဲ့ကိစ္စ၊ မီဇိုရမ်ပြည်နယ်ကတစ်ဆင့် မြန်မာနိုင်ငံထဲကို နိုင်ငံခြားသားတွေ ဝင်ရောက်ခဲ့တယ်လို့ မီဇိုရမ်ဝန်ကြီးချုပ် ပြောဆိုခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဟာ မိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပြီး မြန်မာအစိုးရအနေနဲ့ အိန္ဒိာနယ်မြေကိုအသုံးချပြီး မြန်မာကိုဆန့်ကျင်နေတဲ့ အုပ်စုတွေကို မလိုလားသလို မြန်မာနယ်မြေကိုအသုံးချပြီး အိန္ဒိယကိုဆန့်ကျင်နေတဲ့ အုပ်စုတွေကိုလည်း လက်မခံထားဘူးလို့ ဆိုပါတယ်။မြန်မာ-အိန္ဒိယနယ်စပ်ဟာ ၁၀၁၀မိုင်ကျော်၊ ၁၆၂၆ကီလိုမီတာရှည်လျားပြီး တိုင်းတာပြီးတာက ၉၀၇မိုင်၊ ကီလိုမီတာ ၁၄၆၀ကျော်ရှိသလို အခုပြောဆိုနေတဲ့ ကဘော်ချိုင့်ဝှမ်းဒေသဆိုတာကလည်း အဲ့ဒီတိုင်းတာ အသိအမှတ်ပြုပြီးတဲ့ နယ်မြေထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။ဒါ့အပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်ခြားသတ်မှတ်ချက်အနေနဲ့ ၂၀၁၄ခုနှစ်၊ မေလ၈ရက်မှာ ချုပ်ဆိုခဲ့တဲ့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာလည်း ရှိပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ပြီးခဲ့တဲ့၂၀၁၃ခုနှစ်တုန်းကလည်း အိန္ဒိယအတိုက်အခံ BJPပါတီက တမူး-ကလေး-မင်းကင်းမြို့နယ်တွေပါဝင်တဲ့ ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်ယူပေးမယ်လို့ မဲဆွယ်ခဲ့ဖူးပြီး ကလေးမြို့နဲ့ မင်းကင်းမြို့တို့မှာ ဒေသခံတွေက ဆန္ဒပြကန့်ကွက်ခဲ့ကြလို့လည်း ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာရှိတဲ့ တချို့သောနိုင်ငံရေးသမားတွေအနေနဲ့ မိမိရဲ့ နိုင်ငံရေးလိုဘတစ်ခုတည်းကိုကြည့်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားအောင် မလုပ်ဆောင်သင့်သလို မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ နယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်တယ်လို့ ပြောပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ အသိပေးသင့်တာတွေ၊ ပြောဆိုသင့်တာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။