အာခါလူမျိုးတွေဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ လာအို၊ ထိုင်းတို့နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်နေတာကြောင့် နှစ်နိုင်ငံပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှုကိုတည်ဆောက်ပြီး နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဒေသကုန်သွယ်ရေးလုပ်ငန်းတွေ တိုးတက်ကောင်းမွန်ခြင်းကတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကကို တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

နှစ်(၅၀)ပြည့် ရွှေရတုအာခါအမျိုးသားနေ့ကိုပေးပို့တဲ့ နစကဥက္ကဋ္ဌရဲ့ သဝဏ်လွှာမှာ အခုလိုဖော်ပြထားတာပါ။
နိုင်ငံတော်အတွင်း ဒေသတချို့မှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့နဲ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းတွေနဲ့ဖြေရှင်းဖို့ ဖိတ်ခေါ်ထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က မျက်ကွယ်ပြုနေတယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
အာခါလူမျိုးတွေအနေနဲ့ နိုင်ငံတော်အစိုးရနဲ့ပူးပေါင်းဆောင်ရွက်နေမှုတွေကို ဆက်လက်ထိန်းသိမ်းပြီး ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ လူမှုစီးပွားကဏ္ဍအသီးသီးမှာ ဖွံဖြိုးတိုးတက်ရေးကို ဆက်လက်ဖော်ဆောက်ကာ ဒေသနဲ့လူမျိုးအကျိုးကို ပိုမိုမြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်သွားရမယ်လို့ ဖော်ပြထားပါတယ်။