လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကနေ နိုင်ငံခြားသား နဲ့ နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ ၁၀၀၉ ယောက်ကို ဇန်နဝါရီ ၄ ရက်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြန်လွှတ် ပေးခဲ့တယ်လို့ အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။

အင်းစိန်ထောင်မှ လွတ်ငြိမ်းနဲ့ ပြန်လွှတ်ပေးခဲ့တာကတော့ နိုင်ငံခြားသား ကိုးယောက်၊ ဘင်္ဂါလီ အကျဉ်းသား အယောက် ၂၀ နဲ့ အကျဉ်းသူ လေးယောက်၊ နိုင်ငံသား အကျဉ်းသား ၇၆၈ ယောက်၊ အကျဉ်းသူ ၂၀၈ ယောက် စုစု ပေါင်း ၁၀၀၉ ယောက်တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။လွတ်ငြိမ်းရရှိတဲ့ အကျဉ်းသားတွေကိုတော့ YBS ယာဉ်တွေနဲ့ ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ ခရိုင်တွေ နဲ့ ဒေသတွေကို ပို့ဆောင်ပေးခဲ့ရာ လွတ်မြောက်လာသူတွေအပေါ် လာရောက်ကြိုဆိုသူ မိသားစုဝင်တွေကလည်း ဝမ်းသာပျော်ရွှင် နေတာကို တွေ့ရပါတယ်။

အလားတူ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးဗဟိုအကျဉ်းထောင်ကလည်း ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား ၅၄၁ ယောက်၊ အကျဉ်းသူ ၁၅၄ ယောက် စုစုပေါင်း ၆၉၅ ယောက်တို့ကို ဇန်နဝါရီ ၄ ရက်က ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ အကျဉ်းသားတွေထဲမှာတော့ ပုဒ်မ ၅၀၅ နဲ့ တရားစွဲ ခံရသူ အယောက် ၆၀၀ နဲ့ ကချင် ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးခက်အောင် နဲ့ နိုင်ငံခြားသားထဲမှာ ထိုင်းနိုင်ငံသား တွေ အများဆုံး ပါဝင်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောထား ပါတယ်။