လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးကနေ အကျဉ်းသားတွေကို ပြန်လွှတ်ပေးရာမှာ ဇန်နဝါရီ ၄ ရက်၊ မနက် ၁၁ နာရီကျော်လောက်မှာ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ကနေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ အင်းစိန်အကျဉ်းထောင်မှ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

လွတ်ငြိမ်းရ အကျဉ်းသားတွေထဲမှာတော့ အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသား၊ အကျဉ်းသူ ရာ ဂဏန်းလောက် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပြီး YBS ယာဉ်တွေနဲ့ သက်ဆိုင်ရာ နေရပ်တွေကို ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။လွတ်ငြိမ်းနဲ့ ပြန်လွှတ်ပေးတဲ့သူတွေထဲမှာတော့ နာမည်ကြီး သရုပ်ဆောင် သင်ဇာဝင့်ကျော် ပါဝင်လာတယ်လို့ သိရပြီး နာမည်ကြီး မော်ဒယ် နန်းမွေစံတော့ ပြန်လွတ်လာတာ မရှိသေးဘူးလို့လည်း သိရပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းရေး နဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေး ထားတဲ့အနေနဲ့ အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ယောက် နဲ့ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ အယောက် ၁၈၀ တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်တွေ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။