အခြေခံလူတန်းစားတွေရဲ့ သက်သာချောင်ချိရေးကို အထူးအလေးထားဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၂၇ ရက်မှာ ပြုလုပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာ ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။
အခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြုံတွေ့တာ၊ သွင်းအားစုတွေ ဈေးနှုန်းမြင့်တက်တာကို အကြောင်းပြပြီး အခြေခံစားကုန်တွေ ဈေးနှုန်းကြီးမြင့်လာတာကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ် နေတယ်လို့ ဆိုပါတယ်။
အဓိကစားသုံးတဲ့ အသားတွေဖြစ်တဲ့ ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးတွေရဲ့ အများစုကို ဒေသအလိုက်၊ နေရာအလိုက် အောင်မြင်စွာ မွေးမြူနိုင်တဲ့ အခြေအနေတွေ ပိုင်ဆိုင်ပြီးဖြစ်တာကြောင့် အမှန် တကယ် အလုပ်လုပ်ကြမယ်ဆိုရင် ဒေသတွင်းစားရေးဖူလုံမှုကို အထောက်အကူပြုနိုင်မှာဖြစ်ကာ ဈေးနှုန်း သက်သာစွာနဲ့ ဝယ်ယူစားသုံးနိုင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရာမှာ ဒေသမျိုးတွေကို လှောင်မွေးစနစ်နဲ့စနစ်တကျမွေးမြူရင် တိုးတက်မှုများပြား လာမှာဖြစ်ပြီး ဒေသတွင်းကထွက်ရှိတဲ့ ကုန်ကြမ်းတွေကို အစာကျွေးမွေးမယ်ဆိုရင် အောင်မြင်တဲ့ မွေးမြူရေး လုပ်ငန်းကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။