အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရထုတ်ပြန်တဲ့ နည်းဥပဒေတွေ စည်းမျဉ်း စည်းကမ်းအမိန့်ကြော်ငြာစာတွေ စတဲ့ တားမြစ်ချက်တစ်ရပ်ရပ်ကိုဖောက်ဖျက်ရင် နှစ်နှစ်ထက်မပိုတဲ့ထောင်ဒဏ်နဲ့ ငွေဒဏ်တွေချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကို ပြဋ္ဌာန်းလိုက်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၅၆/၂၀၂၄ နဲ့ စက်တင်ဘာ ၂၆ ရက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကိုပြဋ္ဌာန်းခဲ့တာပါ။
ပြင်ဆင်လိုက်တဲ့ဥပဒေအရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ဃ)မှာ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေး လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုခြိမ်းခြောက်တဲ့ ဇီဝ၊ ဓာတုနဲ့ နျူကလီးယားလက်နက်တွေ၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းတွေ ပါဝင်တဲ့ အဖျက်စွမ်းအားကြီးမားတဲ့လက်နက်တွေကို တားဆီးကာကွယ်ရေးဖယ်ရှားရေးနဲ့ ဖျက်ဆီးရေးတို့အတွက် လည်းကောင်း ၊ လူအများအပြားသေကျေစေတဲ့ လက်နက်ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုနဲ့သက်ဆိုင်တဲ့ ဘဏ္ဍာရေးအရအရေးယူဆောင်ရွက်ရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့အတွက်လည်း အစီအမံတွေချမှတ်ခြင်းကို အစားထိုးရမှာဖြစ်ပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၃ ကိုတော့ ဘယ်သူမဆို ဥပဒေအရထုတ်ပြန်တဲ့ နည်းဥပဒေတွေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းတွေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်တာလိုက်နာဖို့၊ ပျက်ကွက်တာဆိုရင် အဲဒီသူကို နှစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ ကျပ်သိန်းတစ်ရာထက်မပိုတဲ့ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမှာဖြစ်ပြီး ကုမ္ပဏီ ဒါမှမဟုတ် အဖွဲ့အစည်းကပြစ်မှုကျူးလွန်ရင်တော့ အဲဒီကုမ္ပဏီ ဒါမှမဟုတ် အဖွဲ့အစည်းကို အနည်းဆုံးကျပ်သိန်းနှစ်ရာမှ အများဆုံးကျပ်သိန်းသုံးထောင်အထိ ငွေဒဏ်ချမှတ်ရမယ်လို့ ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမှာဖော်ပြထားပါတယ်။
မူလအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၃ မှာတော့ ဘယ်သူမဆို ဥပဒေအရထုတ်ပြန်တဲ့ နည်းဥပဒေတွေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ရင် အဲဒီသူကို အနည်းဆုံးထောင်ဒဏ်တစ်နှစ်မှ အများဆုံးထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။