အကျဉ်းထောင်၊ အချုပ်ထောင်စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၆၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်တွေ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လည်း ကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းရေး နဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ယောက် ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ရင် အဲဒီ ပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက် နဲ့ ပြစ်ဒဏ်တွေအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တာ ဖြစ်တယ်လို့ အမိန့်အမှတ် ၂/၂၀၂၅ နဲ့ ထုတ် ပြန်ပါတယ်။

ဆက်လက်ပြီး အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ အယောက် ၁၈၀ ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့လည်း အမိန့်အမှတ် ၄/၂၀၂၅ နဲ့ ထုတ်ပြန်ပါတယ်။အဲဒီအပြင် အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးမှာ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၁၄၄ ယောက်ကိုလည်း ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ကနေ ထောင်ဒဏ် ၁၅ နှစ်ကို လျှော့ပေါ့ ပြောင်းလဲပြီး ပြစ်ဒဏ်လွတ်ငြိမ်သက်သာခွင့် ပြုလိုက်တယ်လို့ အမိန့်အမှတ် ၃/၂၀၂၅ နဲ့ ထုတ်ပြန်လိုက် ပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်မတိုင်မီ လူသတ်မှု ၊ မုဒိမ်းမှု ၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက် ဥပဒေ၊ မတရားအသင်းများအက်ဥပဒေ၊ လက်နက်အက်ဥပဒေတွေ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေ၊ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွေရဲ့ ပြစ်မှုတွေမှအပ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနဲ့ ပြစ်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျ ခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကိုလည်း ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တယ်လို့လည်း အမိန့်အမှတ် ၁/၂၀၂၅ နဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ဓာတ်ပုံ- ပုံဟောင်း