အကြမ်းဖက်သောင်းကျန်းသူတွေကို လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံမှုရှိစေရေးကို သတိပြုကြဖို့လိုအပ်တယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
စက်တင်ဘာ ၃ ရက်က တောင်ကြီးမြို့ မြို့တော်ခန်းမမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ ပြည်နယ်နဲ့ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတွေကို တွေ့ဆုံအမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နိုင်ငံတော်မှာ နိုင်ငံရေးအရအကျပ်အတည်းတွေဖြစ်ပေါ် နေမှုကို အခွင့်ကောင်းရယူပြီး နယ်မြေချဲ့ထွင်ဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ကြုံတွေ့လာခဲ့ရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်သွားမှာဖြစ်လို့ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူတွေရဲ့သတင်းရရှိမှုနဲ့ အခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် လုံခြုံရေးနဲ့ပတ်သက်ပြီး ဒေသအတွက် ကောင်းရာကောင်းကျိုးဆောင်ရွက်မယ့်သူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေပူးပေါင်းပြီး ပြည်သူ့လုံခြုံရေးစနစ်ကို ဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမှာကြားခဲ့ပါတယ်။