သန်းခေါင်စာရင်းကောက်ယူဖို့ Mobile Tablet နဲ့ ဆက်စပ်ပစ္စည်းတွေ စာရင်းစစ် စာရင်းကောက်အသုံးအဆောင်ပစ္စည်းတွေကို တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးကိုပေးပို့ပြီးဖြစ်တယ်လို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောပါတယ်။
စက်တင်ဘာ ၆ ရက်က နေပြည်တော်မှာကျင်းပတဲ့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ရဲ့ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာပြောကြားခဲ့တာပါ။
သန်းခေါင်စာရင်းကောက်ယူဖို့ GIS နည်းပညာနဲ့ စာရင်းကောက်ကွက်တွေဖွဲ့စည်းတာ၊ CAPI စနစ် တည်ဆောက်တာနဲ့ အပလီကေးရှင်းရေးသားတာ၊ စာရင်းစစ်၊ စာရင်းကောက်တွေခန့်ထားတာ၊ Mobile Tablet နဲ့ ဆက်စပ်ပစ္စည်းတွေ၊ စာရင်းစစ် စာရင်းကောက်အသုံးအဆောင်ပစ္စည်းတွေကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးကိုပေးပို့တာစတဲ့ ပြင်ဆင်ရေးလုပ်ငန်းတွေဆောင်ရွက်ပြီးဖြစ်တဲ့အတွက် သန်းခေါင်စာရင်းကောက်ယူနိုင်တဲ့အဆင့်ကို ရောက်နေပြီလို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောပါတယ်။
၂၀၂၄ ခုနှစ် လူဦးရေနဲ့အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို သတ်မှတ်ရက်မှာ နိုင်ငံတစ်ဝန်းမြေပြင်ကွင်းဆင်းစတင်ကောက်ယူသွားမယ်လို့လည်းဆိုပါတယ်။
သန်းခေါင်စာရင်းကောက်ယူရမယ့်ကာလကို ၁၅ ရက်သတ်မှတ်ထားပေမယ့် လုံခြုံရေးနဲ့လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ ရက်တိုးမြှင့်ကောက်ယူဖို့လိုအပ်ရင် သက်ဆိုင်ရာနေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီတွေက တင်ပြဆောင်ရွက်ဖို့ညွှန်ကြားထားပြီးဖြစ်တယ်လို့လည်းပြောပါတယ်။
အဲဒီအပြင် သန်းခေါင်စာရင်းရှေ့ပြေးစာရင်းထုတ်ပြန်မယ့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမတိုင်မီ ရနိုင်သမျှအပြီးကောက်ယူဖို့လည်းမှာကြားပါတယ်။
သန်းခေါင်စာရင်းကောက်ယူမှုကို နိုင်ငံတကာအကူအညီမပါဘဲ မိမိတို့ရဲ့ကိုယ်ပိုင်အင်အားနဲ့ စွမ်းဆောင်ခဲ့တဲ့သမိုင်းမှတ်တိုင်တစ်ခုအနေနဲ့ မှတ်ကျောက်တင်နိုင်အောင် အားလုံးကဝိုင်းဝန်းကြိုးပမ်းလက်တွဲဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောကြားခဲ့ပါတယ်။