သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပဒေကို ပြဋ္ဌာန်းလိုက်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၄ခုနှစ် ဒီဇင်ဘာ၂၈ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ဒီဥပဒေဟာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူတဲ့ပြစ်မှုတွေ၊ နိုင်ငံဖြတ်ကျော်မှုခင်းတွေနဲ့သက်ဆိုင်တဲ့ ပြစ်မှုတွေ၊ ဒီဥပဒေနဲ့သက်ဆိုင်တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး အခါအားလျော်စွာသတ်မှတ်တဲ့ ပြစ်မှုတွေနဲ့ သက်ဆိုင်စေရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ဟာ သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဗဟိုကော်မတီကို ဖွဲ့စည်းရမယ်လို့ပြဋ္ဌာန်းထားပြီး ဗဟိုကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအဝင် စုစုပေါင်းလူပုဂ္ဂိုလ်၁၄ယောက် ပါဝင်ဖွဲ့စည်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဗဟိုကော်မတီကို လိုအပ်ရင် သတ်မှတ်ချက်တွေနဲ့အညီ ပြင်ဆင်ဖွဲ့စည်းနိုင်တယ်လို့ ပြဋ္ဌာန်းထားသလို လိုအပ်တဲ့မူဝါဒတွေချမှတ်တာအပါအဝင် ဗဟိုကော်မတီရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေကိုလည်း ထည့်သွင်းပြဋ္ဌာန်းထားတာကိုတွေ့ရပါတယ်။
ဗဟိုကော်မတီဟာ ဒေသဆိုင်ရာကော်မတီတွေဖြစ်တဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးကော်မတီတွေကို ဖွဲ့စည်းရမယ်လို့ပြဋ္ဌာန်းထားပြီး ဥက္ကဋ္ဌအဖြစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအပါအဝင် စုစုပေါင်းလူပုဂ္ဂိုလ် ၁၃ယောက်နဲ့ ဖွဲ့စည်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးကော်မတီတွေကို လိုအပ်ရင် နေရာဒေသအလိုက် သတ်မှတ်ချက်တွေနဲ့အညီ ပြင်ဆင်ဖွဲ့စည်းနိုင်တယ်လို့ ပြဋ္ဌာန်းထားပြီး ဗဟိုကော်မတီကချမှတ်တဲ့မူဝါဒတွေကို အကာင်အထည်ဖော်ဆောင်ရွက်တာအပါအဝင် တာဝန်နဲ့လုပ်ပိုင်ခွင့်တွေကို ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။
ဆက်လက်ပြီး ဗဟိုကော်မတီဟာပြည်ထောင်စုနယ်မြေ သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးကော်မတီကိုလည်း ဥက္ကဋ္ဌအဖြစ် နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင်(၁)ပါဝင်တဲ့ လူပုဂ္ဂိုလ်၁၃ယောက်နဲ့ ဖွဲ့စည်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါ့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင်သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးကော်မတီကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က အလုပ်အမှုဆောင်ကော်မတီဝင်(၁)ဦး သို့မဟုတ် ခရိုင်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ လူပုဂ္ဂိုလ် (၁၀)ဦးနဲ့ဖွဲ့စည်းရမှာဖြစ်ပြီး တာဝန်နဲ့လုပ်ပိုင်ခွင့်တွေကိုလည်း ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနဟာ သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းတွေနဲ့ညှိနှိုင်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင်တွေမှာ သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးရုံးကို တည်ထောင်ပေးရမှာဖြစ်ပြီး အဲ့ဒီရုံးကိုကြီးကြပ်ကွပ်ကဲဖို့ ရဲမှူးအဆင့်အောက်မနိမ့်တဲ့ ရဲအရာရှိတစ်ဦးကို ကြီးကြပ်ကွပ်ကဲသူအရာရှိအဖြစ် ခန့်အပ်တာဝန်ပေးရမယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။

တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေဟာ သိမ်းဆည်းထားတဲ့သက်သေခံပစ္စည်းတွေကို သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးရုံးကို အပ်နှံရာမှာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ အခြားဓာတုပစ္စည်းများ၊ လက်နက်ခဲယမ်းမီးကျောက်များ သို့မဟုတ် ပေါက်ကွဲစေတတ်သောပစ္စည်းများနဲ့စပ်လျဉ်းပြီး ဗဟိုကော်မတီရဲ့လမ်းညွှန်ချက်နဲ့ ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။
သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းရေးရုံးက ထိန်းသိမ်းထားရှိတဲ့ ရွှေ့ပြောင်းနိုင်သောသက်သေခံပစ္စည်းများ ရောင်းချတာကနေရရှိတဲ့ငွေတွေနဲ့ပတ်သက်ပြီးတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးကော်မတီက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကို ပေးသွင်းရမှာဖြစ်ပြီး ပြည်ထောင်စုနယ်မြေ သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးကော်မတီက ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကို ပေးသွင်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင်သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးကော်မတီဟာ ထိန်းသိမ်းထားတဲ့ ဒါမှမဟုတ် ဝရမ်းကပ်ထားတဲ့ သက်သေခံပစ္စည်းတွေ ပျက်စီး၊ ပျောက်ဆုံးတာရှိကြောင်း စစ်ဆေးတွေ့ရှိရင် ဒါမှမဟုတ် သတင်းရရှိရင် ပျက်စီး၊ ပျောက်ဆုံးရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနိုင်ဖို့ သတ်မှတ်ချက်နဲ့အညီ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ရမှာဖြစ်ပြီး စုံစမ်းစစ်ဆေးတဲ့ ကိစ္စရပ်အသီးသီးကို လျှို့ဝှက်ထားရမယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။
တားမြစ်ချက်တွေအနေနဲ့ သက်သေခံပစ္စည်းတွေထိန်းသိမ်းဖို့တာဝန်ရှိသူ ဒါမှမဟုတ် ပစ္စည်းထိန်း ဒါမှမဟုတ် ခံဝန်ချုပ်နဲ့လက်ခံထားသူ ဘယ်သူမှ သက်သေခံပစ္စည်းတွေကို တခြားပစ္စည်းတစ်ခုနဲ့လဲလှယ်တာ၊ အတုပြုလုပ်အစားထိုးတာ၊ အလွဲသုံးစားပြုတာ၊ ရောင်းချတာတွေ မပြုလုပ်ရဘူးလို့ ပြဋ္ဌာန်းထားသလို ဒေသဆိုင်ရာကော်မတီရဲ့ စီမံထိန်းသိမ်းမှုအောက်မှာရှိတဲ့ သက်သေခံပစ္စည်းကို ခိုးယူတာ၊ ဒါမှမဟုတ် ဖျက်ဆီးတာမပြုလုပ်ရဘူးလို့ ပြဋ္ဌာန်းထားပါတယ်။
ပြစ်မှုနဲ့ပြစ်ဒဏ်တွေအနေနဲ့ကတော့သက်သေခံပစ္စည်းတွေထိန်းသိမ်းဖို့တာဝန်ရှိသူ ဒါမှမဟုတ် ပစ္စည်းထိန်း ဒါမှမဟုတ် ခံဝန်ချုပ်နဲ့လက်ခံထားသူ ဘယ်သူမဆို သက်သေခံပစ္စည်းတွေကို တခြားပစ္စည်းတစ်ခုနဲ့လဲလှယ်တာ၊ အတုပြုလုပ်အစားထိုးတာ၊ အလွဲသုံးစားပြုတာ၊ ရောင်းချတာတွေကို ကျူးလွန်တယ်လို့ ပြစ်မှုထင်ရှားစီရင်ခံရရင် အနည်းဆုံးသုံးနှစ်ကနေ အများဆုံးငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမဲ့အပြင် အနည်းဆုံးကျပ်သိန်းငါးရာမှ အများဆုံးကျပ်သိန်းတစ်ထောင်အထိ ငွေဒဏ်ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
သက်သေခံပစ္စည်းတွေစီမံထိန်းသိမ်းတာနဲ့ စီမံခန့်ခွဲတာကို ဆောင်ရွက်တဲ့တာဝန်ရှိသူဘယ်သူမဆို ဒီဥပဒေအရပြုလုပ်တဲ့ နည်းဥပဒေတွေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းတွေမှာပါတဲ့ သတ်မှတ်ချက်တစ်ရပ်ရပ်ကို လိုက်နာဖို့ပျက်ကွက်တယ်လို့ ပြစ်မှုထင်ရှားစီရင်ခံရရင် သုံးနှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်အနည်းဆုံးကျပ်သိန်းတစ်ရာမှ အများဆုံး ကျပ်သိန်းငါးရာအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒေသဆိုင်ရာကော်မတီရဲ့ စီမံထိန်းသိမ်းမှုအောက်မှာရှိတဲ့ သက်သေခံပစ္စည်းကို ခိုးယူတာ၊ ဒါမှမဟုတ် ဖျက်ဆီးတာပြုလုပ်တယ်လို့ ပြစ်မှုထင်ရှားစီရင်ခံရရင် အနည်းဆုံးငါးနှစ်မှ အများဆုံးခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမဲ့အပြင် အနည်းဆုံးကျပ်သိန်းငါးရာမှ အများဆုံး ကျပ်သိန်းတစ်ထောင်အထိ ငွေဒဏ်ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါ့အပြင် အားပေးကူညီတာ၊ ပူးပေါင်းကြံစည်တာ၊ အားထုတ်တာကို ပြစ်မှုထင်ရှားစီရင်ခံရင် အဲ့ဒီပြစ်မှုအတွက် ဒီဥပဒေမှာပြဋ္ဌာန်းထားတဲ့ ပြစ်ဒဏ်ကို ချမှတ်ခံရမှာဖြစ်ပြီး ပြစ်မှုထင်ရှားစီရင်တာခံရသူက ဒီဥပဒေပါပြစ်မှုတစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ရင် အဲ့ဒီပြစ်မှုအတွက်သတ်မှတ်ထားတဲ့ အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။
တည်ဆဲဥပဒေတစ်ရပ်ရပ်မှာ ဘယ်လိုပါရှိစေကာမူ ဒီဥပဒေနဲ့သက်ဆိုင်တဲ့ ပြစ်မှုတစ်ရပ်ရပ်ကို ဒီဥပဒေနဲ့သာ အရေးယူရမှာဖြစ်ပြီး ဒီဥပဒေနဲ့သက်ဆိုင်တဲ့ အမှုတွေကသက်သေခံပစ္စည်းတွေကို စီမံခန့်ခွဲရာမှာလည်း တည်ဆဲဥပဒေတွေမှာ ဘယ်လိုပါရှိစေကာမူ ဒီဥပဒေအရသာ လိုက်နာဆောင်ရွက်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။