နိုင်ငံတော်မှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ တာဝန်ထမ်းဆောင်ခွင့်ကို ၆လသက်တမ်းထပ်မံတိုးမြှင့်ခဲ့ရပြီး အခု၆လတာကာလအတွင်း တည်ငြိမ်အေးချမ်းမှုရရှိရေး အလေးထားဆောင်ရွက်ဖို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို မှာကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ၁၁ရက်က ပြုလုပ်တဲ့ယာယီနေရပ်စွန့်ခွာသူတွေအတွက် ထောက်ပံ့ငွေပေးအပ်တဲ့ အခမ်းအနားမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို အခုလို မှာကြားလိုက်တာပါ။တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့လည်း မိမိတို့တာဝန်ယူထားရတဲ့ ဒေသတွေအလိုက် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရမယ်လို့လည်း မှာကြားပါတယ်။လုံခြုံရေးနဲ့ပတ်သက်ပြီး အဓိကဆောင်ရွက်ရမှာက ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပြီး စွမ်းရည်စွမ်းအားရှိတဲ့၊ ပြည်သူကအားကိုးရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဖြစ်ဖို့လိုသလို တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကလည်း ရဲတပ်ဖွဲ့ဝင်တွေကို လိုအပ်တာတွေ အားပေးထောက်ပံ့သွားဖို့လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။