ဝန်ထမ်းတွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်ရမှာ ဖြစ်သလို စည်းကမ်းပိုင်းဆိုင်ရာတွေကိုလည်း ကွပ်ကဲကြပ်မတ်မှုတွေ ရှိရမှာဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
ဇူလိုင် ၂၉ ရက်က ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့တာပါ။
နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ တာဝန်ထမ်းဆောင်ရာမှာ အထက်အောက် ဆက်ဆံရေးကောင်းမွန်ဖို့နဲ့ မိမိတို့ တာဝန်ယူထားရတဲ့ လုပ်ငန်းရပ်တွေအလိုက် တာဝန်ကို ကျေပွန်အောင် ကြည်သာရွှင်ပြစွာနဲ့ ထမ်းဆောင်နိုင်ရေး အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းဆိုပါတယ်။
ဝန်ကြီးဌာနတွေအလိုက် အကြီးအကဲတွေအနေနဲ့လည်း ဝန်ထမ်းတွေကို ကိုယ်ချင်းစာတရားနဲ့ သာတူညီမျှ အုပ် ချုပ်ကြဖို့လိုပြီး သက်ဆိုင်ရာဌာနတွေအလိုက် တာဝန်ထမ်းဆောင်မှုတွေ ကျေပွန်အောင်ထမ်းဆောင်နိုင်ဖို့နဲ့ ဌာနတွင်း မျှတမှုတွေရှိအောင် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒါ့အပြင် ဝန်ထမ်းတွေနဲ့ အမြဲမပြတ်ထိတွေ့ဆက်ဆံကာ လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်တွေ၊ ကိုယ်ရေးကိုယ်တာအခက်အခဲတွေကို သိရှိအောင်ဆောင်ရွက်ပြီး တတ်နိုင်သမျှဖြေရှင်းဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။