ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ဗဟိုကော်မတီက ပေးပို့ လာတဲ့ လူဦးရေစာရင်းတွေကို ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်(CVLMS)အတွင်း ထည့်သွင်းပြုစုထားပြီး ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောပါတယ်။ ဇန်နဝါရီ ၈ ရက်ကပြုလုပ်တဲ့ အခြေခံမဲစာရင်းမှာ ပါဝင်ရမဲ့ လူဦးရေစာရင်းများဆိုင်ရာ အစည်းအဝေးမှာ ဦးကိုကိုက အခုလို ပြောကြားခဲ့တာပါ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲအတွက် အဘက်ဘက်ကအသင့်ဖြစ်နေအောင် ဆောင်ရွက်နေပြီး ရွေးကောက်ပွဲတစ်ခုမှာ မဲစာရင်းပြည့်စုံမှန်ကန်ရေးဟာ အဓိကကျပါတယ်။ မဲစာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကပေးပို့တဲ့ ပုံစံ ၆၆/၆ ကို အခြေခံတဲ့ လူဦးရေစာရင်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပေးပို့တဲ့ မြေပြင်လူဦးရေစာရင်းတို့ကို အခြေခံပြီး ကော်မရှင်က ပြုစုရတာ ဖြစ်တယ်လို့ ဦးကိုကိုက ပြောပါတယ်။

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ ဆောင်ရွက် ခဲ့ပြီး တစ်နိုင်ငံလုံးအနေနဲ့ ၈၆ ဒသမ ၇ ရာခိုင်နှုန်း ကောက်ယူနိုင်ခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနကနေ သိရပါတယ်။ အဲဒီလိုကောက်ယူခဲ့ရာမှာ လက်ရှိအိမ်ထောင်စုပုံစံနဲ့ တိုက်ဆိုင်စစ်ဆေး ပြီး ကောက်ယူခဲ့တဲ့ အိမ်ထောင်စု ၁၁ ဒသမ ၇ သန်းကျော်နဲ့ အလွတ်ပုံစံနဲ့ ကောက်ယူခဲ့တဲ့ အိမ်ထောင်စု ၂ ဒသမ ၈ သန်းကျော် ရှိတယ်လို့ ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်ခဲ့တဲ့ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းရဲ့ ရှေ့ပြေး လူဦးရေ စာရင်းမှာတော့ စာရင်းမကောက်ယူနိုင်တဲ့ ဒေသတွေအတွက် ခန့်မှန်းလူဦးရေ အပါအဝင် စုစုပေါင်း လူဦးရေ ၅၁ သန်းကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။