လူသားချင်းစာနာထောက်ထားမှုနှင့်ဒေသဖွံ့ဖြိုးမှုအကူအညီတွေပေးနိုင်ဖို့အတွက် ဩဂုတ်လ(၂၃)ရက်က အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့တို့ နှစ်ဖက်အပြန်အလှန် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့သိရပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးပွဲကိုတော့ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှာ ပြုလုပ်ခဲ့ကြတာပါ။
တွေ့ဆုံရာမှာတော့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေ၊ NCA လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)တို့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။