လားရှိုးမြို့ကို အမြန်ဆုံး ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူး ဇော်မင်းက ပြောပါတယ်။
လတ်တလော ဖြစ်ပွားနေတဲ့ မိုးကုတ်မြို့နဲ့ လားရှိုးမြို့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဇူလိုင် ၂၅ ရက်က ရှင်းလင်းပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့တာပါ။
လားရှိုးမြို့ရဲ့ အနီးဝန်းကျင်လုံခြုံရေးတပ်စခန်းအချို့ စွန့်လွှတ်ဆုတ်ခွာ ထားရပေမယ့် အဆင့်ဆင့် ခံစစ်ဆင် ချေမှုန်းနေပြီး လားရှိုးမြို့ကို အမြန်ဆုံး ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးဇော်မင်းက ပြောပါတယ်။
လားရှိုးမြို့ကို ဆက်လက်တိုက်ခိုက်ရာမှာ စိတ်ဓာတ်ရေးရာ အသာစီးရယူနိုင်ဖို့ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ခန့်က လားရှိုးမြို့နယ်အစပ် ကုန်းညောင်ရွာအနီး လေ့ကျင့်ရေး တပ်တစ်ခုကို တိုက်ခိုက်တဲ့အခါ ဖမ်းဆီးရမိတဲ့ စစ်ပညာ လုံလုံလောက်လောက် သင်ကြားတတ်မြောက်မှု မရှိသေးတဲ့ သင်တန်းသားတွေနဲ့ နည်းပြအချို့ကို အသုံးချပြီး တော့လည်း အင်အားများစွာ လက်နက်ချသလို ပြောဆိုနေတာ ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ရေးအခြေအနေများအရ မိုးကုတ်က လုံခြုံရေး စခန်းနေရာအချို့ကို စစ်ဗျူဟာအရ ရွှေ့ပြောင်း ပေါင်းစည်းခြင်းတွေ အဆင့်ဆင့် ဆောင်ရွက်ခဲ့တာ ရှိတယ်လို့လည်း ဗိုလ်မှူး ဇော်မင်းက ပြောပါတယ်။