လက်နက်ကိုင်အကြမ်းဖက်မှုလမ်းစဉ်ကို ဘယ်လူ့အဖွဲ့အစည်းကမှ လက်မခံသလို မိမိတို့အားလုံးကလည်း ဆန့်ကျင်ကြဖို့လိုတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဒီဇင်ဘာ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ စိန့်မေရီကာသီဒြယ်ဘုရားရှိခိုးကျောင်းမှာကျင်းပတဲ့ ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ မိတ်သဟာယညစာစားပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။နိုင်ငံရေးပြဿနာ၊ နိုင်ငံရေးအရတောင်းဆိုလိုမှုကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းရမှာဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်နဲ့ တောင်းဆိုလို့ရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာခရစ်ယာန်ဘာသာကိုးကွယ်သူဟာ ဒုတိယအများဆုံးဖြစ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းဖို့၊ ကြွယ်ဝချမ်းသာဖို့ ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ဘာသာဝင်တွေက အရေးကြီးတဲ့နေရာမှာရှိနေတဲ့အတွက် ကျရာကဏ္ဍအသီးသီးက ပါဝင်ပေးကြဖို့လည်း မေတ္တာရပ်ခံတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။