ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နဲ့ အခြားနေရာတွေမှာရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ ဘေးကင်းလုံခြုံစွာရွှေ့ပြောင်းနေထိုင်ရေးနဲ့ ဘေးကင်းရေးအတွက် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားဖို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဩဂုတ် ၆ ရက်မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်၊ လားရှိုးမြို့လို နေရာတွေမှာ လုံခြုံရေးအန္တရာယ်မြင့်မား နေတယ်လို့ဆိုပါတယ်။
လားရှိုးမြို့နဲ့ အခြားနေရာတွေမှာရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို မြန်မာနိုင်ငံရှိသံရုံးနဲ့ ကောင်စစ်ဝန်ထံ ဆောလျင်စွာ သတင်းပို့ဖို့၊ လုံခြုံရေးသတိရှိဖို့၊ လုံခြုံရေးအန္တရာယ်တွေကိုရှောင်ရှားကာ အမြန်ဆုံးပြောင်းရွှေ့နေထိုင်ဖို့၊ ပဋိပက္ခဇုန်တွေနဲ့ ဝေးကွာတဲ့နေရာ ဒါမှမဟုတ် နေရပ်ကိုပြောင်းရွှေ့နေထိုင်ဖို့၊ ပုဂ္ဂိုလ်ရေးနဲ့ ပိုင်ဆိုင်မှု ဘေးကင်းရေးသေချာစေဖို့ကိုလည်း သတိပေးချက်မှာဖော်ပြထားပါတယ်။
အရေးပေါ်အခြေအနေကြုံလာခဲ့ရင်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ မန္တလေးရှိ ကောင်စစ်ဝန်ချုပ်တို့ထံ အချိန်နဲ့တစ်ပြေးညီ အကူအညီတောင်းခံဖို့ကိုလည်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။