ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)က တောင်ကြီး မြို့ကို တိမ်းရှောင်လာတဲ့ တိုက်ပွဲရှောင်ဒေသခံပြည်သူတွေ ရာချီရှိတယ်လို့ နမ့်ခုံးရှမ်းများ ပရဟိတအသင်း တာဝန်ရှိသူတစ်ယောက်က One News ကို ပြောပါတယ်၊၊
တိုက်ပွဲရှောင်တွေအတွက် တည်းခိုနိုင်ဖို့ တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းတိုက်၊ ရှမ်းပိဋကတ်ကျောင်းတိုက်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းနဲ့ တောင်ကြီးမြို့နယ် နမ့်ခုံးရှမ်းများပရဟိတအသင်း စတဲ့ နေရာ ၄ ခုမှာ နေရာ ချပေးထားပြီး စစ်ဘေးရှောင်ဦးရေ ရာချီရှိနေတယ်လို့ နမ့်ခုံးရှမ်းများပရဟိတအသင်း တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်၊၊

တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းတိုက်ကို လာရောက်စစ်ဘေးရှောင်သူတွေထဲမှာ ကလေးငယ်တွေ၊ သက်ကြီးပိုင်း တွေနဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေလည်း ပါဝင်ပြီး စားသောက်ရေးကိစ္စတွေမှာ အခက်အခဲတွေ ဖြစ်ပေါ်နေ တယ်လို့ တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းတိုက်ဆရာတော်က မိန့်ပါတယ်၊၊
လတ်တလော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပေါ်မှာ တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် ဒေသခံပြည်သူ တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကစပြီး အခြားဒေသတွေကို ပြောင်းရွှေ့နေကြတာဖြစ်တယ်လို့ သိရပါတယ်၊၊