လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းတွေကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် ပြုသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးကိုကိုက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ မှတ်ပုံတင်ခွင့် ပြုပြီးတဲ့ နိုင်ငံရေးပါတီတွေ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ တွေ့ဆုံဆွေးနွေးစဉ်အတွင်း UEC ဥက္ကဋ္ဌက အခုလို ပြောခဲ့တာပါ။လာမယ့်ရွေးကောက်ပွဲမှာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေကို စောင့်ကြည့် လေ့လာတာ၊ မဲလက်မှတ်တွေ ရိုက်နှိပ်တာကို စောင့်ကြည့်လေ့လာတာ၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုတွေ၊ စစ်ဆေးတာနဲ့ ဆုံးဖြတ်တာ စတာတွေကို စောင့်ကြည့်လေ့လာခွင့် ပြုသွားမှာပါဖြစ်ပါတယ်။

ဒီအချက်တွေကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတိုင်း ပြန်လည်ထည့်သွင်းပြီး စောင့်ကြည့်လေ့လာခွင့် စံနှုန်းနဲ့အညီ ခွင့်ပြုသွားမှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာတုန်းက ပြည်တွင်းပြည်ပ အဖွဲ့တွေ ကို စောင့်ကြည့်ခွင့်မပြုဘဲ လေ့လာခွင့်သာ ပေးခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင် ဦးကိုကိုက ပြောပါတယ်။ ဒါ့အပြင် ပါတီတွေကို သတ်မှတ်ကာလအတွင်းမှာ သတ်မှတ်ပါတီဝင်အင်အား ပြည့်မီရေးနဲ့ ပါတီရုံးခန်းတွေကို လည်း သတ်မှတ်ချက်နဲ့အညီ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ဖို့ကိုလည်း ဦးကိုကိုက တိုက်တွန်းခဲ့ပါတယ်။

လက်ရှိမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားတဲ့ တည်ဆဲနိုင်ငံရေးပါတီ ၅၃ ပါတီရှိပြီး တည်ထောင်ခွင့် စိစစ်ဆဲပါတီ တစ်ပါတီရှိတယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။