အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဆိုင်ရာကိစ္စရပ်တွေကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နဲ့ မှတ်ပုံတင်ခွင့်ပြုပြီးတဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၅ ရက်က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှာ ကျင်းပခဲ့တာဖြစ်ပြီး ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ကော်မတီဝင်တွေ၊ နိုင်ငံရေးပါတီ ၅၁ ပါတီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
တွေ့ဆုံရာမှာ ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌက မြန်မာနိုင်ငံနဲ့သဟဇာတဖြစ်နိုင်မယ့် ဖက်ဒရယ်စနစ် ကျင့်သုံးနိုင်ရေး အတွက် လေ့လာတွေ့ရှိချက်တွေနဲ့ မတူကွဲပြားမှုတွေကို နားလည်လက်ခံပြီး ပြည်ထောင်စုစိတ်ဓာတ်အရင်းခံနဲ့ ညှိနှိုင်းဖြေရှင်းသွားရေး၊ ဒေသစွဲ လူမျိုးစွဲ အယူဝါဒစွဲတွေ ပပျောက်ပြီး အမျိုးသားရေးစိတ်ဓာတ် အမျိုးသားရေး ဝါဒတွေ ထွန်းကားလာရေးနဲ့ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံခဲ့မှုအခြေအနေတွေကို ပြောကြားပါတယ်။

ဆက်လက်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ဆင်သင့်တယ်လို့ သုံးသပ်ယူဆရတဲ့ ပြဋ္ဌာန်းချက်တွေ အပေါ် နိုင်ငံရေး ပါတီတွေနဲ့ ဆွေးနွေးမှုတွေ၊ NCA ကို အခြေခံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်မှု အခြေ အနေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပြည်သူလူထုကြား ပျံ့နှံ့ရောက်ရှိစေပြီး တည်ငြိမ်အေးချမ်းမှု ရရှိအောင် ဆောင်ရွက်နိုင်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေး ကိစ္စရပ်တွေ ကိုလည်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။

အဲဒီနောက် တက်ရောက်လာတဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၁၅ ယောက်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး သဘောထားတွေ၊ အကြုံပြုချက် တွေကို ဆွေးနွေးပြောကြားပြီး တွေ့ဆုံပွဲပထမနေ့ကို ရပ်နားခဲ့ပါတယ်။ တွေ့ဆုံပွဲဒုတိယနေ့ကိုတော့ ဒီဇင်ဘာ(၆) ရက်မှာ ဆက်လက်ပြုလုပ်နေပါတယ်။