လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီတချို့ဟာ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်တာတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ နိုင်ငံရေးပါတီ တချို့က ပြောပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီက ရွေးကောက်ပွဲအတွက် တကယ်ကောင်းမွန်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ရှာဖွေ ရသလို ရှိနေတဲ့ကိုယ်စားလှယ်လောင်းတွေကိုလည်း အရည်အချင်းရှိစေဖို့ ပြုစုပျိုးထောင် ပေးနေတယ်လို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မျိုးဆက်သွေးက ပြောပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကော်မရှင်ဘက်က လျာထားပေမယ့် အချိန်အတိအကျကိုတော့ မထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် နယ်မြေဒေသမတည်ငြိမ်တဲ့ နေရာတွေ ဖယ်ပြီး မြို့နယ်ပေါင်း တစ်ရာကျော်မှာတော့ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နစကဘက်က လျာထား တယ်လို့ ပါတီတွေက ပြောပါတယ်။ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် ရွေးကောက်ပွဲဥပဒေထွက်ရှိလာတဲ့အခါ မဲဆန္ဒနယ်တွေ တွက်ချက်ရတာက ပိုပြီးလွယ်ကူ တယ်လို့ဆိုပါတယ်။အခုလက်ရှိအချိန်အထိတော့ ပါတီရုံးခန်းတွေ ဖွင့်တာတွေနဲ့ မဲဆန္ဒနယ်တွေအတွက် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တာတွေ ပြုလုပ်နေလို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဒုတိယဥက္ကဋ္ဌ ဦးထက်အောင်ကျော်က ပြောပါတယ်။

ရွေးကောက်ပွဲတစ်ခု အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် နိုင်ငံတော်တည်ငြိမ်ရေးကလည်း အရေးကြီးတယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။ ပါတီတွေဆိုတာက ရွေးကောက်ပွဲဥပဒေအတိုင်း ဆောင်ရွက်ရတာဖြစ်ပြီး ပဋိပက္ခဖြစ်ပွားတဲ့ နေရာဒေသတွေမှာ နိုင်ငံရေးပါတီတွေရဲ့ လုံခြုံမှုနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုံခြုံမှု ကလည်း အရေးကြီးတယ်လို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အခုလို ပြောပါတယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ဖို့ တာဝန်ရှိသူတွေနဲ့ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေအနေနဲ့ လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဖေဖော်ဝါရီ ၃ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။