ရွေးကောက်ပွဲကျင်းပချိန်မှာ ရုရှားနိုင်ငံက လေ့လာရေးအဖွဲ့တွေကို ဖိတ်ကြားဖို့အတွက် နစကဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှား ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌတို့ ဆွေးနွေးခဲ့ကြတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရုရှား ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌက ဒီဇင်ဘာ ၃ ရက်မှာ နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးမှာ လာရောက် ဂါရဝပြုတွေ့ဆုံစဉ် အခုလို ဆွေးနွေးခဲ့တာပါ။
အဲဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် နေမှုနဲ့ ရွေးကောက်ပွဲကျင်းပချိန်မှာ ရုရှားနိုင်ငံက လေ့လာရေးအဖွဲ့တွေကို ဖိတ်ကြားဖို့ စတာတွေကို ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ခရီးသွားလုပ်ငန်းတွေ၊ အပြန်အလှန်ကုန်သွယ်မှုလုပ်ငန်းတွေ တိုး တက်စေရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ နည်းပညာပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ဓာတ်မြေဩဇာတွေ ထုတ်လုပ်နိုင်ရေးနဲ့ စက်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းနဲ့ တခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင် ရွက်မှု မြှင့်တင်ဖို့တို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲကို လာမယ့်၂၀၂၅ခုနှစ်အတွင်းကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသလို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်အရ မှတ်ပုံတင်ခွင့် ပြုထားတဲ့ ပါတီ ၅၅ ပါတီရှိပြီဖြစ်တယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။