အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့တို့ဟာ ဩဂုတ်လ(၂၃)ရက် ၊ မွန်းလွဲပိုင်းက ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးတာတွေပြုလုပ်ခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှာ ပြုလုပ်ခဲ့တာပါ။ တွေ့ဆုံရာမှာတော့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့အတွက် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ဦးစားပေး ဆောင်ရွက်စေလိုတဲ့အခြေအနေတွေ၊ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေအတွင်း ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်ရာမှာလိုအပ်တဲ့ပူးပေါင်းမှုတွေ၊ ဆောင်ရွက်ပေးနိုင်မယ့်အခြေအနေတွေနဲ့ပတ်သက်ပြီး မိမိတို့သဘောထားအမြင်တွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဆွေးနွေးပွဲကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေ၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။