ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ထိုင်းနိုင်ငံအနေနဲ့ ကူညီဆောင်ရွက်ပေးနိုင်မယ့်အခြေအနေနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုနဲ့ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr. Mongkol Visitstump တို့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်၊၊
အဲဒီတွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ ၆ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမမှာ တွေ့ဆုံခဲ့တာဖြစ်တယ်လို့သိရပါတယ်၊၊ ဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုတွေ၊ နိုင်ငံရေးပါတီတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး ထိုင်းနိုင်ငံက ကူညီဆောင်ရွက်ပေးနိုင်မယ့်အခြေအနေ၊ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုတွေနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်၊၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကလည်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီတွေတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်တွေ စိစစ်ဆောင်ရွက်နေမှု၊ မဲစာရင်းတွေ ပြည့်စုံမှန်ကန်ရေးဆောင်ရွက်နေမှု၊ မြန်မာအီလက်ထရွန်နစ်မဲပေးစက်နဲ့ မဲပေးနိုင်ရေး ဆောင်ရွက်နေမှုတွေနဲ့ ရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်၊၊