ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေကို ဒီဇင်ဘာ ၅ ရက်ကစပြီး အုပ်စု ၃ စု ခွဲပြီး ၄ နာရီ လျှပ်စစ် မီးပေးပြီး ၈ နာရီ အလှည့်ကျ မီးပျက်တဲ့စနစ်နဲ့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC)က သိရပါတယ်။ နာရီအလိုက် မီးပေးမယ့် အုပ်စုတွေကို အုပ်စု (A) (B) နဲ့ (C) ဆိုပြီး ၃ အုပ်စုခွဲကာ ၄ နာရီ လျှပ်စစ်မီးပေးပြီး ၈ နာရီ မီးဖြတ်တောက်တဲ့စနစ်ကို အလှည့်ကျ ကျင့်သုံးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် အုပ်စုတစ်ခုအနေနဲ့ တစ်ရက်မှာ လျှပ်စစ်မီး ၈ နာရီသာရရှိပြီး ၁၆ နာရီ မီးပြတ်နေမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ပြည်သူ့အချို့က ပြောပါတယ်။အခုလို လျှပ်စစ်မီး ပြတ်တောက်တဲ့အချိန်များတာကြောင့် အလုပ်လုပ်တဲ့ ဝန်ထမ်းတွေအနေနဲ့ ထမင်းဟင်းချက်ဖို့ အခက်အခဲတွေ ရှိတယ်လို့ ဗဟန်းမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတစ်ယောက်က ပြောပါတယ်။

လျှပ်စစ်ဓာတ်အားလိုအပ်ချက်များနေတာဟာ ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံရတာ၊ ရေအားလျှပ်စစ် စက်ရုံတွေနဲ့ အပူစွမ်းအင်သုံးစက်ရုံတွေက စွမ်းအားပြည့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်မှု မရှိတာ၊ သဘာဝဘေးအန္တရာယ် ကြောင့် ဓာတ်အားထုတ်လုပ်နိုင်မှု မရှိတာ၊ ဓာတ်ငွေ့ခွဲတမ်းလျော့နည်းရရှိမှုတွေအရ တပ်ဆင်ထားတဲ့ စက်တွေရဲ့ စက်စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိတာ စတာတွေကြောင့် တစ်ရက်ကို လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရဲ့ တစ်ဝက်လောက်သာ ထုတ်လုပ်ပေးနိုင်တယ်လို့ YESC က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ နိုင်ငံတော်ရဲ့ ဓာတ်အားလိုအပ်ချက်ဟာ တစ်ရက်ကို မဂ္ဂါဝပ် ၄၄၀၀ ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်က လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုဟာ ၁၇၀၀ မဂ္ဂါဝပ်ကျော်လောက်သာ ရှိခဲ့တဲ့အတွက် လိုအပ်ချက်ရဲ့ တစ်ဝက်တောင် ထုတ်လုပ်ပေးနိုင်ခြင်း မရှိတာ တွေ့ရပါတယ်။