ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန် နဲ့ ဆက်လက်ဆောင်ရွက်နိုင်စေဖို့၊ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားကို ပိုမိုလျင်မြန်စွာ ဖော်ဆောင် နိုင်ဖို့၊ ရည်ရှည်တည်တံ့ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေဖို့နဲ့ တည်ငြိမ်အေးချမ်းမှုကို ရှေးရှုပြီး တပ်မတော်အနေနဲ့ ၂၀၂၅ ခုနှစ် မေလ ၆ ရက်ကနေ ၃၁ ရက်အထိ ကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကာလအဖြစ် ထပ်မံတိုးမြှင့်လိုက်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ ၆ ရက်မှာ အသိပေး ထုတ်ပြန်ပါတယ်။

ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားတဲ့ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အများပြည်သူ သွားလာအသုံးပြုနေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ကို နှောင့်ယှက်တိုက်ခိုက်တာနဲ့ ထိခိုက်ပျက်စီးစေတာ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီး စေတာ၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တပ်စခန်းတွေကို တိုက်ခိုက်တာ၊ တပ်ဌာနချုပ်တွေကို နှောင့်ယှက်တိုက်ခိုက်တာ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမယ့် အင်အား စုဆောင်းတာ၊ ပြင်ဆင်စုဖွဲ့တာ၊ နယ်မြေချဲ့ထွင်တာတွေကို မပြုလုပ်ဖို့နဲ့ ဆောင်ရွက်လာရင် တပ်မတော်အနေနဲ့ ပြည်သူလူထုကို ကာကွယ်သောအားဖြင့် လိုအပ်တဲ့ အရေးယူတုံ့ပြန်တာတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

လက်ရှိကာလမှာလည်း နိုင်ငံတော်အစိုးရအနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေမှာ ထိခိုက်ပျက်စီးခဲ့ရတဲ့ အစိုးရရုံးဌာန တွေ၊ ပြည်သူတွေရဲ့ အိုးအိမ်နဲ့လမ်းပန်းဆက်သွယ်မှုလုပ်ငန်းတွေ ပြန်လည်တည်ဆောက်တဲ့လုပ်ငန်းတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်နေပြီး နိုင်ငံတကာကလည်း အကူအညီတွေ ပေးပို့ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ငလျင်ဒဏ်သင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ပြီး တပ်မတော်အနေနဲ့ ၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်ကနေ ၃၀ ရက်အထိ ကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။