မြေစီမံခန့်ခွဲမှုတွေမှာ စိန်ခေါ်မှုတွေနဲ့တွေ့ကြုံနေရတယ်လို့ နစကအဖွဲ့ဝင်ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောပါတယ်။ ဩဂုတ် ၇ ရက်က ပြုလုပ်တဲ့ ဆဋ္ဌမအကြိမ် အမျိုးသားမြေအသုံးချမှုကောင်စီအစည်းအဝေးမှာ ကောင်စီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက အခုလိုပြောကြားလိုက်တာပါ။
အစိုးရက စီမံခန့်ခွဲနေတဲ့မြေတွေမှာ တရားမဝင်ကျူးကျော်တာ၊ ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းတွေအလိုက် ဥပဒေပြဋ္ဌာန်းမှုတွေ ချိတ်ဆက်မှုအားနည်းတာ၊ ဥပဒေတစ်ခုနဲ့တစ်ခု သဟဇာတမဖြစ်တာ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဆောင်ရွက်မှုအားနည်းတာ၊ မြေအရင်းအမြစ် အချက်အလက်တွေနဲ့မြေပုံတွေ တိကျမှန်ကန်မှုမရှိတာ၊ မြေပြင်မှာ လက်တွေ့စီမံခန့်ခွဲဖို့ အားနည်းတာ၊ ဆက်စပ်ဌာနတွေ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်တာစတဲ့ စိန်ခေါ်မှုတွေကို ကြုံတွေ့နေရတယ်လို့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကပြောပါတယ်။

အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ပြည်သူကိုအကျိုးပြုနိုင်မယ့် လက်တွေ့ကျတဲ့ မူဝါဒ၊ တရားမျှတတဲ့ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စီမံခန့်ခွဲမှုပုံစံတွေ ဖြစ်လာစေဖို့အတွက် မြေယာစီမံခန့်ခွဲမှုနဲ့ ဆက်စပ်နေတဲ့ဥပဒေတွေကိုလေ့လာပြီး အဲဒီဥပဒေတွေနဲ့ သဟဇာတဖြစ်စေမယ့် အမျိုးသားမြေဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရေးဟာ အရေးအကြီးဆုံး တာဝန်တစ်ရပ်ဖြစ်တယ်လို့ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားခဲ့ပါတယ်။