နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်တို့ဟာ ကာကွယ်ရေးဆိုင်ရာကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင်ရေး ဆွေးနွေးခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်တို့ဟာ ဒီဇင်ဘာ ၄ ရက်မှာ နေပြည်တော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌရုံးမှာတွေ့ဆုံခဲ့တာပါ။
တွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနဲ့ ကုန်သွယ်မှုမြှင့်တင်ရေးကိစ္စတွေ၊ ဆေးဝါး၊ စက်မှုနဲ့ ခရီးသွားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအပြင် ပညာတော်သင်တွေ စေလွှတ်နိုင်ရေး ကိစ္စတွေ ကိုပါ ဆွေးနွေးခဲ့တာပါ။

ဘယ်လာရုစ်နိုင်ငံဟာ ရုရှားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှာ ဘီလာရုစ်သံရုံးဖွင့်ထားတာ မရှိသေးပေမယ့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ မြှင့်တင်ဖို့ မကြာခဏ ဆွေးနွေးလာတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ဘယ်လာရုစ်ရဲ့ တိုက်ရိုက်ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု မရှိသေးဘူးလို့ ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ရဲ့ အချက်အလက်တွေအရ သိရပါတယ်။