မြန်မာ-တရုတ် နှစ်နိုင်ငံမီဒီယာတွေက တက်ကြွတဲ့ အခန်းကဏ္ဍမှ ပါဝင်ကာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် သံယောဇဉ် နဲ့ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားဖို့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျားက ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။
ဩဂုတ် ၃၀ ရက်၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာမှာ ကျင်းပပြုလုပ်တဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံ မီဒီယာတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။
တွေ့ဆုံရာမှာတော့ သံအမတ်ကြီး မစ္စ မာကျားက တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိရဲ့ မြန်မာနိုင်ငံ ခရီး စဉ်အတွင်း ပြောကြားခဲ့တဲ့ ထောက်ခံအားပေးမှု သုံးချက်နဲ့ ကန့်ကွက်မှု သုံးချက်ဆိုတဲ့ သဘောထားကို ဆက်လက်ကိုင်စွဲပြီး မြန်မာနိုင်ငံက တည်ငြိမ်မှု ပြန်လည်သင့်မြတ်မှု နဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင် တဲ့ အခန်းကဏ္ဍမှ ပါဝင်ကာ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု နက်ရှိုင်းလက်တွေ့ ကျလာစေဖို့ မြှင့်တင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်-မြန်မာ မီဒီယာ ကိုယ်စားလှယ်တွေက တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးတဲ့ အသံတွေကို ဆက်လက် ဖြန့်ဝေကာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်ကို ပြန့်ပွားအောင် လုပ်ဆောင် သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဆွေးနွေးပွဲကိုတော့ မြန်မာ-တရုတ် နှစ်နိုင်ငံက မီဒီယာပေါင်း ၂၀ ကျော် တက်ရောက်ခဲ့တယ်လို့လည်း မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။