မြန်မာ-တရုတ်နှစ်နိုင်ငံအကြားရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာနဲ့တရုတ်ယွမ်ငါးသန်းတန်ဖိုးရှိ ရဲလုပ်ငန်းဆိုင်ရာအသုံးအဆောင်ပစ္စည်းတွေအကူအညီပေးရေး စာလွှာတို့ကို လက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။
နစကအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာ တရုတ်နိုင်ငံ၊ လျန်ယွင်ကန်မြို့မှာကျင်းပတဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကိုတက်ရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း စက်တင်ဘာ ၉ ရက်က တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန်နဲ့ တွေ့ဆုံဆွေးနွေးပြီး လက်မှတ်ရေးထိုးခဲ့တာလို့သိရပါတယ်။

ဖိုရမ်မှာတော့ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ကာလရှည်ကြာအကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေကို ဖြစ်ပေါ်ခဲ့တဲ့ ရာဇဝတ်ဂိုဏ်းအုပ်စုတွေကို နိုင်ငံပေါင်းစုံပူးပေါင်းတိုက်ဖျက်ရေး၊ လူမှုဘဝတည်ငြိမ်ရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေးနယ်ပယ်မှာ လက်တွေ့ဆန်တဲ့ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရေး၊ သမားရိုးကျနဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေကို အတူတကွတိုက်ဖျက်ရေးတို့ကို အလေးထားဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ဆွေးနွေးပြောကြားခဲ့ပါတယ်။
အဲဒီနောက် စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းမှာတော့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးမစ္စတာဝမ်ရှောင်ဟုန်တို့တွေ့ဆုံကာ နှစ်နိုင်ငံလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။