မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ပြောဆိုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့တို့ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ဩဂုတ် ၂၀ ရက်က တွေ့ဆုံချိန် မစ္စတာဝမ်ယိကအခုလို ပြောဆိုခဲ့တာလို့ဆိုပါတယ်။
မစ္စတာဝမ်ယိက မြန်မာ့အရေးမှာတရုတ်နိုင်ငံဟာ သူ့ရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ နယ်မြေစိုးမိုးရေးကို ခိုင်မာစွာလေးစားပြီး ပြည်တွင်းရေးမှာဝင်ရောက်မစွက်ဖက်ဘူးလို့ ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အာဆီယံရဲ့အခန်းကဏ္ဍကို အဓိကအလေးပေးထောက်ခံနေတယ်လို့လည်း မစ္စတာဝမ်ယိကပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်ရဲ့အခန်းကဏ္ဍကိုလည်း တရုတ်အနေနဲ့ နားလည်သဘောပေါက်ပြီး သူတာဝန်ထမ်းဆောင်တဲ့နေရာနဲ့ မြန်မာ့နိုင်ငံရေးပြန်လည်ပေါင်းစည်းရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဆောင်ရွက်ရာမှာ ပံ့ပိုးကူညီမှုတွေပေးဖို့ အသင့်ရှိတယ်လို့လည်း မစ္စတာဝမ်ယိကပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကတော့ မြန်မာ့အရေးကိုင်တွယ်ဖြေရှင်းရာမှာ တရုတ်၊ အာဆီယံတို့နဲ့ နီးကပ်တဲ့ဆက်ဆံရေး၊ အားကောင်းတဲ့ပူးပေါင်းဆောင်ရွက်မှုတွေ ထိန်းသိမ်းသွားဖို့ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိဟာ ဩဂုတ် ၁၄ ရက်က နေပြည်တော်မှာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဗိုလ်ချုပ်မှူးကြီး(အငြိမ်းစား)ဦးသန်းရွှေတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။