မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်မယ့်သူတွေအနေနဲ့ စာရွက်စာတမ်းအထောက်အထားတွေနဲ့ လျှောက်ထား တင်ပြနိုင်တယ်လို့ စင်ကာပူရှိ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ အပ်နှံရမယ့် စာရွက်စာတမ်းတွေကတော့ မြန်မာနိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်း (လျှောက်ထား ဖူးခြင်းမရှိပါက ကိုင်ဆောင်ထားခြင်းမရှိကြောင်း တင်ပြစာ)၊ အိမ်ထောင်စု စာရင်းမိတ္တူ (အိမ်ထောင်စုစာရင်းမှာ ထည့်သွင်းထားခြင်း မရှိပါက မရှိကြောင်း တင်ပြစာ)၊ မိဘ၊ မောင်နှမတွေရဲ့ အိမ်ထောင်စုစာရင်းမိတ္တူနဲ့ မွေးစာရင်းမိတ္တူ စတဲ့ စာရွက်စာတမ်းတွေ ဖြစ်ပါတယ်။

အဲဒီအပြင် လျှောက်ထားရာမှာ နိုင်ငံသားစွန့်လွှတ်လိုကြောင်း လျှောက်လွှာ၊ ကိုယ်ရေးအကျဉ်းချုပ်၊ စင်ကာပူ အစိုးရထံက မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ကြောင်း အထောက်အထား တောင်းခံစာတို့ကို ပူးတွဲတင်ပြရမှာ ဖြစ်ပြီး စာရွက်စာတမ်းတွေကို ပြန်လည်အပ်နှံနိုင်ခြင်း မရှိတဲ့ လျှောက်ထားမှုတွေကိုတော့ ထောက်ခံစာ ထုတ် ပေးမှာ မဟုတ်ဘူးလို့ စင်ကာပူရှိ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်၊၊