မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေဖို့ မြှင့်တင်ဖော်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jian (မစ္စတာ လင်ကျန်း)က ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
ဩဂုတ် ၃၀ ရက်က ကျင်းပတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ လက်ရှိ တရုတ်-မြန်မာ နယ်စပ်ဒေသအခြေအနေနဲ့ ပတ်သက်ပြီး AFP သတင်းဌာနရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့တာပါ။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းပဋိပက္ခ လှုပ်ရှားမှု အခြေအနေတွေကို များစွာဂရုပြုပြီး ဆွေးနွေးဖို့နဲ့ အပစ်အခတ်ရပ်စဲဖို့ အမြဲ လုပ်ဆောင်နေတယ်လို့ Mr. Lin Jian က ပြောပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုး တိုးတက်မှု ဖော်ဆောင်ရေးအတွက် အမြဲတစေ စိတ်ရင်းအမှန်နဲ့ တက်တက်ကြွကြွ ကူညီဆောင်ရွက် ပေးနေတယ်လို့လည်း ဆိုပါတယ်။