တရုတ်နဲ့တောင်အာရှနိုင်ငံတွေအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ပေါင်းစပ်ပေးနိုင်တဲ့အတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုပြုလုပ်သွားဖို့ ဖိတ်ခေါ်ပါကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောပါတယ်။
ဇူလိုင် ၂၃ ရက်က (၈)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနဲ့ (၂၈)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံဟာ လူဦးရေ ၃ ဒသမ ၂ ဘီလီယံ အခြေချနေထိုင်နေတဲ့ အိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံရဲ့ အလယ်မှာရှိပြီး သဘာဝသယံဇာတနဲ့ လူသားအရင်းအမြစ် ကြွယ်ဝတဲ့ အခြေခံကောင်းတွေ ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောပါတယ်။

အဲဒီအပြင် အိန္ဒိယသမုဒ္ဒရာမှာ ရှည်လျားတဲ့ ကမ်းရိုးတန်းပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်တဲ့ အတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှု အလားအလာ အလွန်ကောင်းမွန်တဲ့ နိုင်ငံဖြစ်တယ်လို့လည်း ဆိုပါတယ်။
တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကိုတော့ ဇူလိုင် ၂၃ ရက်ကနေ ၂၈ ရက်အထိ ကျင်းပနေရာ နိုင်ငံပေါင်း ၈၂ နိုင်ငံ က ကုမ္ပဏီပေါင်း ၂၀၀၀ ကျော်ရဲ့ ပြခန်းပေါင်း ၈၀၀ ကျော် ပါဝင်ပြသနေပြီး မြန်မာနိုင်ငံ ကုမ္ပဏီ ၂၄ ခုက ပြခန်း ပေါင်း ၂၆ ခု ပါဝင်ပြသနေတယ်လို့ သိရပါတယ်။