ပြည်တွင်းရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ ချောမွေ့စေရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက အပြုသဘောနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၅၇)နှစ်မြောက်အာဆီယံနှစ်ပတ်လည်နေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ အာဆီယံပဋိညာဉ်စာတမ်းနဲ့အညီ အာဆီယံအသိုက်အဝန်းတည်ထောင်မှုလုပ်ငန်းစဉ်တွေမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့အတူတကွ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဥပဒေကြောင်းအရရော ဘဏ္ဍာရေးနဲ့ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာပါ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ ဖြည့်ဆည်းရမယ့် တာဝန်ဝတ္တရားတွေကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံ-ရုရှား မိတ်ဖက်ဆက်ဆံရေးရဲ့ ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးတာဝန်ကိုလည်း ၂၀၂၄ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သဝဏ်လွှာမှာပါရှိပါတယ်။