၁၈ ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းများဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးမှာ ဂျပန်ကိုယ်စားလှယ်ရဲ့ ပြောကြားမှုအပေါ် ပြည်တွင်းရေးကို ဝင်မစွက်ဖို့ မြန်မာကိုယ်စားလှယ်က တုံ့ပြန်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ အစည်းအဝေးတွေကိုတော့ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှာ ဩဂုတ် ၂၇ ရက်မှ ၂၉ ရက်ထိ ကျင်းပပြုလုပ်ခဲ့ တာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေး ဒုတိယနေ့ ဩဂုတ် ၂၉ ရက်ကတော့ အာဆီယံ ဆွေးနွေးဖက်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံနဲ့ အစည်း အဝေးမှာ ဂျပန်နိုင်ငံကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောကြားမှုအပေါ် မြန်မာကိုယ်စားလှယ်က တုံ့ပြန်ပြောကြားရာမှာ အဆွေတော်တို့အနေနဲ့ အာဆီယံ ပဋိညာဉ်စာတမ်း နဲ့ အာဆီယံ နိုင်ငံရေး နဲ့ လုံခြုံရေး အသိုက်အဝန်း အသေးစိတ် စီမံချက် ၂၀၂၅ တို့မှာ ပြဋ္ဌာန်းဖော်ပြထားတဲ့ အခြေခံ စည်းမျဉ်း တွေ မူဝါဒတွေကို လေးစားလိုက်နာရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
အထူးသဖြင့် အခြားနိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ မပြုရ ဆိုတဲ့ အချက်ဖြစ်ပြီး အဆွေ တော်အနေနဲ့ အခုအစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်တွေ အပေါ်မှာသာ အာရုံပြု ပြောကြားပေးဖို့ကိုလည်း မေတ္တာရပ်ခံပြောကြားခဲ့ပါတယ်။