ပန်းခင်းစီမံချက်အဆင့်(၃)ကာလကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၁ ရက်ထိ တိုးမြှင့်ပြီး လူဦးရေ လေးသိန်း ကျော်အတွက် ဆောင်ရွက်ပေးနိုင်ဖို့ သတ်မှတ်လျာထားပြီး ထုတ်ပေးနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနကနေ သိရပါတယ်။ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ထုတ် ပေးမှုကို ပန်းခင်းစီမံချက်တွေနဲ့ ဆောင်ရွက်ပေးနေရာ အခုအခါ ပန်းခင်းစီမံချက် အဆင့်(၃)အပါအဝင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ကတ်ပြား စုစုပေါင်း ၉၁ သိန်းကျော် ထုတ်ပေးပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ နိုင်ငံ တစ်ဝန်း စာရင်းကောက်ယူခဲ့ပြီး အခုအခါ သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေစာရင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက် က တရားဝင် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ပင်မသန်းခေါင်စာရင် အစီရင်ခံစာနဲ့ နေပြည်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစီရင်ခံစာကို အခုနှစ်အတွင်း ထုတ်ပြန်ပေးနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ပန်းခင်းစီမံချက်အဆင့်(၃)နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးတာ၊ တိကျမှန်ကန်တဲ့ မဲစာရင်းပြုစုနိုင်ရေး ဆောင်ရွက်တာ၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူတာ၊ e-ID စနစ်နဲ့ မဲစာရင်း တိကျမှန်ကန်စေရေး ပြည် သူကို ထိရောက်တဲ့ ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်တာ၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ နိုင်ငံခြားသားထိန်းသိမ်းရေး လုပ်ငန်းတွေကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်တာ စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့လည်း သိရပါ တယ်။