မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူတွေရဲ့ ဘုံအကျိုးစီးပွားအတွက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမို နက်ရှိုင်း စေရေး တရုတ်နိုင်ငံနဲ့အတူ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဇွန်လ ၈ ရက်က နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပတဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံ ရေး ထူထောင်မှု(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံစီမံကိန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ အရေးပါတဲ့ ပထဝီအနေအထားမှာရှိပြီး အဲဒီစီမံကိန်းတွေကို ဆောလျင်စွာ အကောင်အထည်ဖော်ခြင်းအားဖြင့် နှစ်နိုင်ငံပြည်သူတွေ အတူတကွ စဉ်ဆက်မပြတ် သာယာဝပြော ဖွံ့ဖြိုး တိုးတက်စေနိုင်မဲ့ အခွင့်အလမ်းပေါင်းများစွာ ရရှိစေနိုင်မယ်လို့ ယုံကြည်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အပြန်အလှန်လေးစားမှုနဲ့ နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းစေရေးမူဝါဒတွေ ထည့်သွင်းဖော်ပြထားတဲ့ အေးအတူပူအမျှ အသိုက်အဝန်း အတူတကွ ထူထောင်ရေးအတွက် တရုတ်နိုင်ငံနဲ့အတူ လက်တွဲ ဆောင်ရွက် သွားမယ်လို့လည်း ဆိုပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီ အားပေးထောက်ခံမှု၊ မြေငလျင်ကြီးလှုပ်ခတ်မှုနဲ့ ကိုဗစ်ကာလတွေမှာ ပံ့ပိုးကူညီလှူဒါန်း ဆောင်ရွက် ပေးခဲ့မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။