အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ဩဂုတ် ၂၂ ရက်က နေပြည်တော်မှာကျင်းပရာ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဆွေးနွေးပွဲကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေ၊ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ခေါင်းဆောင် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ အလုပ်အဖွဲ့ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
ဆွေးနွေးရာမှာတော့ မပြီးပြတ်သေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ရေးဆိုင်ရာ နှစ်ဖက်အဆိုပြုချက်တွေနဲ့ အထွေထွေရွေးကောက်ပွဲကျင်းပရေးဆိုင်ရာကိစ္စတွေကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဆက်လက်ပြီး လက်ရှိနိုင်ငံရေးအခြေအနေနဲ့ လုံခြုံရေးဆိုင်ရာတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။ အဲဒီနောက် နှစ်ရက်တာဆွေးနွေးညှိနှိုင်းချက်တွေကရရှိလာတဲ့ သဘောထားတွေကို စုစည်းချက်တွေအဖြစ် မှတ်တမ်းတင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။