တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နဲ့ PDF အဖွဲ့တွေအနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ဖြေရှင်းနိုင်ရေးဆက်သွယ်ဆောင်ရွက်ဖို့ ကမ်းလှမ်းဖိတ်ခေါ်တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၂၆ ရက်မှာထုတ်ပြန်ပါတယ်။
လက်ရှိအချိန်မှာ ကျင်းပဖို့ ရှိတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြုစေမယ့် သန်းခေါင်စာရင်းကောက်ယူတာကို အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်ကောက်ယူတော့မှာဖြစ်ပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းစဉ်တွေကို အားသွန်ခွန်စိုက်ဆောင်ရွက်နေချိန်လည်း ဖြစ်တယ်လို့ဆိုပါတယ်။
လက်နက်ကိုင်လမ်းစဉ်ကြောင့် နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကိုထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူလက်တွဲဖော်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် နိုင်ငံတော်ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းတွေ၊ PDF အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း နဲ့ရွေးကောက်ပွဲလမ်းကြောင်းတွေကနေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ကမ်းလှမ်းဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။