နယ်စပ်ကုန်သွယ်ရေးဆောင်ရွက်ရာမှာ မှန်မှန်ကန်ကန်ဖြစ်ဖို့လိုတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဇူလိုင်၂၉ ရက်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။ ပြီးခဲ့တဲ့ ဧပြီ၊ မေ၊ ဇွန် သုံးလအတွင်း ပင်လယ်ရေကြောင်းကနေ ကုန်သွယ်မှုဆောင်ရွက်သလို နယ်စပ်ဒေသကနေလည်း ကုန်သွယ်မှုတွေဆောင်ရွက်ခဲ့ပြီး အပေါင်းလက္ခဏာရှိခဲ့ပေမယ့် နယ်စပ်ဒေသကနေ တရားမဝင် ကုန်သွယ်မှုတွေရှိတာ ကိုလည်း သိရတယ်လို့ ဆိုပါတယ်။
တရားမဝင်ကုန်သွယ်မှုတွေကြောင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေတဲ့အတွက် ကုန်သွယ်မှုနဲ့ပတ်သက်ပြီး အလေးထားဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သတိပေးပြောကြားလိုက်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကို အဟန့်အတားဖြစ်စေမယ့် လုပ်ဆောင်မှုတွေမရှိအောင် ကြပ်မတ်ဆောင်ရွက်ပေးဖို့ လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။