နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ ၃ ရက် ၊ မနက်ပိုင်းက နေပြည်တော် တပ်မတော် လေဆိပ်ကနေ ရုရှားနိုင်ငံကိုစတင်ထွက်ခွာ သွားပါတယ်။

နိုင်ငံတော်အဆင့် တရားဝင် ချစ်ကြည်ရေး ခရီးစဉ်ကိုတော့ နစက အဖွဲ့ဝင်တွေ အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးတွေ နဲ့ အဆင့်မြင့် အရာရှိကြီးတွေ လိုက်ပါသွားတာ တွေ့ရပါတယ်။
ခရီးစဉ်အတွင်း ရုရှားသမ္မတ မစ္စတာ ဗလာဒီမာ ပူတင် နဲ့ တွေ့ဆုံ ဆွေးနွေးတာ ရုရှားနိုင်ငံ ဝန်ကြီးချုပ် နဲ့ တွေ့ဆုံဆွေးနွေးတာ ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဥက္ကဋ္ဌ နဲ့ တွေ့ဆုံဆွေးနွေးတာ အပါအဝင် ရုရှားအစိုးရ အဖွဲ့ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံ ဆွေးနွေးတာတွေကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ဘယ်လာရုစ်သမ္မတနိုင်ငံကို ထွက်ခွာပြီး ဘယ်လာရုစ်သမ္မတ နဲ့တွေ့ဆုံဆွေးနွေးတာ ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
ခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရ နဲ့ ပြည်သူတွေ အကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာတွေ နဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အဲဒီအပြင် ခရီးစဉ်မှာ နှစ်နိုင်ငံ အစိုးရတွေအကြား ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချုပ် MoU တွေ လက်မှတ် ရေးထိုးဖို့ ရှိတယ်လို့လည်း သိရပါတယ်။
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင် ဘာလတုန်းကလည်း ရုရှားနိုင်ငံခရီးစဉ်ကို သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ပူတင်အပါအဝင် အစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။