နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာ အဆင့် မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပမယ့် ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ ဒီကနေ့ ဧပြီလ ၃ ရက် မွန်းလွဲ ၁ နာရီအချိန်လောက်က နေပြည်တော်ကနေ ဘန်ကောက်မြို့ကို အထူးလေယာဉ်နဲ့ ထွက်ခွာသွားပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့ကို တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးတို့က ပို့ဆောင်နှုတ်ဆက်ကြပါတယ်။
ခရီးစဉ်အတွင်း BIMSTEC အစည်းအဝေးကို တက်ရောက်လာကြတဲ့ အစိုးရအဖွဲ့အကြီးအကဲတွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားဖို့ ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ငလျင်သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေ၊ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေကိုလည်း ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဧပြီလ ၃ ရက်နဲ့ ၄ ရက် နှစ်ရက်ကြာကျင်းပမယ့် ဒီအစည်းအဝေးကို ကျန်တဲ့အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ဘင်္ဂလာဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း၊ သီရိလင်္ကာ၊ ဘူတန်နဲ့ နီပေါနိုင်ငံတွေက နိုင်ငံခေါင်းဆောင်တွေလည်း တက်ရောက် ကြမှာဖြစ်တယ်လို့ သိရပါတယ်၊၊