ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မတ်လ၄ရက် ဒေသစံတော်ချိန် ညနေပိုင်းက မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်မှာ သီးသန့်တွေ့ဆုံဆွေးနွေးပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးပွဲကို နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီးမိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနဲ့အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပြည်ပဆက်ဆံရေးလက်ထောက်အရာရှိ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ တာဝန်ရှိသူတွေနဲ့ အစိုးရအဖွဲ့အကြီးအကဲတွေ တက်ရောက်ကြပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E ဗလာဒီမာပူတင်က ဒုတိယအကြိမ် ထပ်မံတွေ့ဆုံရတဲ့အတွက် ဝမ်းမြောက်ပါကြောင်း၊ အခုနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် များစွာအကျိုးဖြစ်ထွန်းစေပါကြောင်း၊ အခုခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေအတွက် သဘောတူစာချုပ်တွေကို လက်မှတ်ရေးထိုးနိုင်မှာဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းတွေမှာလည်း အရင်ထက် ပိုမိုတိုးတက်လာပြီဖြစ်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာလည်း ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ အခုလိုမော်စကိုမြို့မှာ တွေ့ဆုံမှုအတွက် ဝမ်းမြောက်ကြောင်းကို ထပ်မံပြောကြားလိုပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါတယ်။

အဲဒီနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မော်စကိုမြို့မှာ တွေ့ဆုံရမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ တွေ့ဆုံခဲ့ပြီး အခုအခါ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ခရီးဝေးကွာပေမယ့်လည်း ချစ်ကြည်ရင်းနှီးတဲ့နိုင်ငံတွေဖြစ်ပါကြောင်း၊ နှစ်နိုင်ငံဟာ ရှေးသမိုင်းအစဉ်အဆက်ကတည်းကပင် အေးအတူပူအမျှနေထိုင်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံမှုမှာ ၇၇နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ အခုလိုတွေ့ဆုံဆွေးနွေးမှုဟာ မိမိတို့နှစ်နိုင်ငံအတွက် များစွာအကျိုးရှိပါကြောင်း၊ တွေ့ဆုံမှုအတွက်လည်း ကျေးဇူးတင်ရှိသည်ကို ထပ်မံပြောကြားလိုပါကြောင်း ပြောကြားပါတယ်။

အဲဒီနောက် ဆွေးနွေးရာမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေ၊ ကုန်ထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ တခြားကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။