ထိခိုက်လွယ်သူတွေဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးငယ်တွေ၊ ကလေးသူငယ်တွေ၊ မသန်စွမ်းသူတွေနဲ့ ဆင်းရဲနွမ်းပါးသူတွေကို အားလုံးက ဖေးမကူညီစောင့်ရှောက်ပေးဖို့ လိုအပ်သလို ဒေသန္တရအစိုးရအဖွဲ့အစည်းတွေ ကလည်း အရေးပေါ်စီမံခန့်ခွဲမှု အစီအမံတွေ ပြင်ဆင်ထားဖို့ လိုတယ်လို့ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။
ဇူလိုင် ၁၁ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့အခမ်းအနားမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အခုလို ပြောကြားလိုက်တာပါ။

လူငယ်တွေဟာ နိုင်ငံတော်ရဲ့အနာဂတ်၊ နိုင်ငံရဲ့အင်အားတွေဖြစ်တာကြောင့် ကလေးတွေ၊ အမျိုးသမီးငယ်တွေ ကျောင်းပညာသင်ကြားခွင့်မရခဲ့ရင် ဒါမှမဟုတ် သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းမပေးနိုင်ရင် သူတို့တစ်ဦး ချင်းအတွက်သာမက သူတို့ရဲ့ပတ်ဝန်းကျင်နဲ့ နိုင်ငံရဲ့အနာဂတ်လည်း အားနည်းချက်တွေ၊ လိုအပ်ချက်တွေရှိ နေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် အရေးပေါ်အခြေအနေမှာ အသုံးပြုနိုင်ဖို့ ထိခိုက်လွယ်သူတွေကို ထိထိရောက်ရောက် ကူညီပံ့ပိုးပေး နိုင်ဖို့အတွက် ကိန်းဂဏန်းအချက်အလက်တွေနဲ့ ဒေသအလိုက် လူမှုစီးပွားဆိုင်ရာ အချက်အလက်တွေရရှိဖို့ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူဖို့ လိုအပ်တယ်လို့ ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းက ပြောပါတယ်။