တောင်ငူမြို့ရိုး နဲ့ ကေတုမတီနန်းတော်ရာ နေရာတွေကို ပြန်လည်ဖော်ထုတ်သွားဖို့ လိုအပ်တယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားပါတယ်။
ဩဂုတ် ၂၃ ရက်၊ မနက်ပိုင်းက တောင်ငူမြို့ ကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေ အနှစ်နေရာတွေ ပြုပြင်ထိန်းသိမ်းဖို့ ဆောင်ရွက်နေမှု အခြေအနေတွေကို သွားရောက်ကြည့်ရှုစစ်ဆေးရာမှာ တာဝန်ရှိသူတွေကို မှာကြားခဲ့တာ ဖြစ်ပါတယ်။
ကေတုမတီမြို့ရိုးဟာ ပြန်လည်ဖော်ထုတ်သင့်တဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ပြီး သမိုင်းကြောင်းအရ အထောက်အထားသေချာတဲ့ နေရာတွေကို ပြန်လည်ဖော်ထုတ်သွားဖို့လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အလားတူ မြို့ကွက်အသစ်တွေ ဖော်ထုတ်တာနဲ့ ရွှေ့ပြောင်းလို့ရတဲ့ အစိုးရရုံးဌာနဆိုင်ရာ အဆောက်အဦတွေကို ဦးစွာ ပြောင်းရွှေ့သွားဖို့ လိုတယ်လို့လည်း ဆိုပါတယ်။
ကေတုမတီနန်းတော်ရာနဲ့ ပတ်သက်ပြီး အတည်ပြုလို့ရတဲ့ နေရာတွေ ဘုတ်တလုတ်ကန်နေရာတွေကို ပြန်လည် ဖော်ထုတ်ရာမှာ ရှေးဟောင်းဥပဒေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပြီး ရှေးဟောင်းအမွေအနှစ်နေရာတွေကို ဥပဒေနဲ့အညီ ကာကွယ်ထိန်းသိမ်းဆောင်ရွက်လိုကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့ပါတယ်။