မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းတွေ မထိခိုက်စေရေး တိုက်ပွဲတွေရပ်ပြီး စေ့စပ်ဆွေးနွေးဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စမော်နင်းက တိုက်တွန်းပြောပါတယ်။
ဇူလိုင် ၂၅ ရက်က ကျင်းပတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီးက တွေ့ဆုံဆွေးနွေးမှုကိုကိုင်စွဲပြီး အမြန်ဆုံး အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ သဘောထားကွဲပြားမှုတွေကိုဖြေရှင်းကာ အခြေအနေ ပိုမိုအရှိန်မြင့်လာမှုကို ရှောင်ရှားဖို့ မိမိတို့က အမြဲတိုက်တွန်းနေတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံနယ်စပ်ဒေသ၊ နယ်စပ်ဒေသနေ ပြည်သူတွေနဲ့ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းတွေ၊ ကုမ္ပဏီတွေ၊ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို မထိခိုက်စေဖို့ တိုက်တွန်းနေပြီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းစွာဆွေးနွေးရေး အရှိန်အဟုန်ကို ထိန်းသိမ်းထားဖို့ တွန်းအားပေးသွားမှာဖြစ်တယ်လို့လည်း မစ္စ မော်နင်းကပြောပါတယ်။