မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးကို အစွမ်းကုန်ထိန်းသိမ်းကာကွယ်ပေးမယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားက ဩဂုတ် ၂၁ ရက် နေပြည်တော်မှာ သူ့ရဲ့ သံအမတ်ခန့်အပ်လွှာ ပေးအပ်တဲ့အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုပြောကြားခဲ့တာပါ။

မြန်မာ-တရုတ် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်မှာဖြစ်သလို တရုတ်ရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေမယ့် ဘယ်ကိစ္စရပ်ကိုမဆို ခွင့်ပြုမှာမဟုတ်တဲ့အကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သံအမတ်ကြီး မစ္စမာကျားကတော့ သူတာဝန်ထမ်းဆောင်တဲ့ ကာလအတွင်းမှာ တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေး၊ အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အင်တိုက်အားတိုက် မြှင့်တင်သွားမှာဖြစ်ပြီး မြန်မာဘက်ကလည်း တရုတ်စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေ ဘေးကင်းရေးလက်တွေ့ကျကျ ထိန်းသိမ်းကာကွယ်ပေးဖို့ မျှော်လင့်တဲ့အကြောင်းပြောကြားခဲ့တယ်လို့ဆိုပါတယ်။ မစ္စမာကျားဟာ မြန်မာနိုင်ငံကို ဩဂုတ်လ ၁၂ ရက်ကရောက်ရှိပြီး သံအမတ်ကြီးတာဝန်စတင်ထမ်းဆောင်နေတာဖြစ်တယ်လို့သိရပါတယ်။